
အဆုတ်တီဘီ
တီဘီရောဂါ (Tuberculosis – TB) သည် (MycobacteriumTuberculosis) ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်နိုင်သည့်ရောဂါတစ် မျိုးဖြစ်ပြီးအဓိကအားဖြင့်အဆုတ်ကိုထိခိုက်စေပါသည် (ဖြစ်ပွားမှု၏၈၀%ခန့်မှာအဆုတ်တီဘီဖြစ် သည်။) ဤဘက်တီးရီးယားသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှတစ်ဆင့် လေထဲသို့ပျံ့နှံ့သွားသော အမှုန်အမွှားငယ်များမှတစ်ဆင့်လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါသည်။
တီဘီ ၏ ရောဂါလက္ခဏာများ
- သလိပ်ပါသော နာတာရှည် ချောင်းဆိုးခြင်း
- သွေးပါသော ချောင်းဆိုးခြင်း
- အသက်ရှူမဝခြင်း
- အဖျားတက်၍ ညဘက်ချွေးထွက်များခြင်း
- အသက်ရှူရာတွင် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
- အကြောင်းမဲ့ကိုယ်အလေးချိန်သိသိသာသာကျဆင်းခြင်း
တီဘီ ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ
သင်၏ဆရာဝန်သည် ရာဇဝင်ကို အသေးစိတ်နှင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မည်။ သင်သည် အောက်ပါစစ်ဆေးမှုများကို ခံယူရန် လိုအပ်ပါလိမ့်မည်။
- ရင်ဘတ် ဓာတ်မှန် (Chest X-ray) နှင့်/သို့မဟုတ် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
- တီဘီ ရှိမရှိ အရေပြား၌စမ်းသပ်ခြင်း(Mantoux skin test)
- သလိပ်စစ်ဆေးခြင်း (သို့မဟုတ် လေပြွန်မှန်ပြောင်းဖြင့် အရည်စုပ်ယူစစ်ဆေးခြင်း)
- သွေးစစ်ခြင်း
တီဘီ ရောဂါကုသခြင်း
တီဘီရောဂါသည် မှန်ကန်သောကုသမှုမခံယူပါက အသက်အန္တရာယ်ရှိစေနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဖြစ်သော ကျောရိုး၊ ကျောက်ကပ် သို့မဟုတ် ဦးနှောက်သို့ပါ ပျံ့နှံ့နိုင်သည်။ ငုပ်နေသော တီဘီ (Latent TB)သည် အထူးသဖြင့် ကိုယ်ခံအားနည်းသူများ(ဥပမာ – ကင်ဆာ၊ HIV၊ ဆီးချို၊အာဟာရချို့တဲ့သူများသို့မဟုတ်ဆေးလိပ်သောက်သူများ)တွင်ရောဂါလက္ခဏာပြတီဘီ (Active TB)အဖြစ်သို့ ကူးပြောင်းနိုင်သည်။ တီဘီကုသရန် လုံးဝပျောက်ကင်းစေရန်အတွက် ၃လ မှ ၉လ အထိကုသမှုခံယူရန်လိုအပ်သည်။ သင့်အား အောက်ပါဆေးဝါးအချို့ကို ပေါင်းစပ်၍ သောက်သုံးရန် ညွှန်ကြားခံရနိုင်သည်။ အရေးကြီးသည်မှာ ဆရာဝန်ညွှန်ကြားထားသော ဆေးအားလုံးကို မပျက်မကွက် သောက်သုံးရန် ဖြစ်သည်။ ဆေးများကို ပုံမှန်မသောက်ပါက၊ ဘက်တီးရီးယားများ ဆေးယဉ်ပါးလာခြင်း (Drug-resistant TB) သို့မဟုတ် တီဘီပြန်ဖြစ်ခြင်း (TB recurrence) ကို ဖြစ်စေနိုင်သည်။
- Isoniazid
- Pyrazinamide
- Ethambutol
- Rifampicin
ဆေးကုသမှု ခံယူနေစဉ် မိမိကိုယ်ကို ဂရုစိုက်ခြင်း
- တီဘီရောဂါပိုးတွေ့ပြီး ကုသမှုစတင်သည့် ပထမ ၂-၃ ပတ်အတွင်း အလုပ်၊ ကျောင်း မသွားပါနှင့် သို့မဟုတ်အခြားသူများနှင့်အခန်းတစ်ခုတည်း တွင် အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ သင်၏ဆရာဝန်သည် တိကျသောကြာချိန်ကို သင့်အား အကြံပေးလိမ့်မည်။
- အခန်းထဲ လေကောင်းလေသန့်ဝင်ရောက်စေရန် ပြတင်းပေါက်များကို ဖွင့်၍လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
- နှာချေသို့မဟုတ်ချောင်းဆိုးတိုင်းပါးစပ်နှင့်နှာ ခေါင်းကိုတစ်ရှူးဖြင့်အုပ်ပါ။အသုံးပြုပြီးသောတစ်ရှူးများကိုအမှိုက်ပုံးထဲမထည့်မီပလတ်စတစ်အိတ်တစ်ခုထဲ ထည့်ပါ။
- တီဘီကုသမှု၏ပထမ(၃)ပတ်အတွင်းအခြားသူ များသို့ရောဂါမကူးစက်စေရန်နှာခေါင်းစည်း (မျက်နှာဖုံး) တပ်ဆင်ပါ။
- တီဘီဆေးဝါးသောက်သုံးနေစဉ်ကာလတွင် မျက်စိစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပါ။ အဘယ်ကြောင့်ဆိုသော် တီဘီဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးသည်သင့်မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
ရှင်းလင်းချက်။ TELEME ဘလော့ဂ်ပို့စ်များတွင် ကျန်းမာရေးအခြေအနေများနှင့် ကုသမှုများအကြောင်း အထွေထွေအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက် အစားထိုးရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အဆိုပါအချက်အလက်များသည် အကြံဉာဏ်မဟုတ်သည့်အပြင် ထိုကဲ့သို့ မှတ်ယူခြင်းလည်း မပြုသင့်ပါ။ သင်သည် မည်သည့်ဆေးဘက်ဆိုင်ရာ အခြေအနေမျိုးကိုမဆို ခံစားနေရသည်ဟု ထင်ပါက သင့်ဆရာဝန် သို့မဟုတ် အခြားကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါသည်။ ဤဝက်ဘ်ဆိုက်ရှိ အချက်အလက်များကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် နောက်မဆုတ်သင့်ပါ၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို လျစ်လျူမရှုသင့်ပါ သို့မဟုတ် ဆေးကုသမှုကို ရပ်ဆိုင်းခြင်း မပြုသင့်ပါ။





